သတင်းများ

မြန်မာ့လူငယ်နှင့် အနာဂတ်မြေယာ - မြေယာမဏ္ဍိုင်အဖွဲ့၏ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်နှင့် ၂၀၁၈ ခုနှစ် သုတေသနဆိုင်ရာ အခမ်းအနားကျင်းပခြင်း

မြန်မာ့လူငယ်နှင့် အနာဂတ်မြေယာ - မြေယာမဏ္ဍိုင်အဖွဲ့၏ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်နှင့် ၂၀၁၈ ခုနှစ် သုတေသနဆိုင်ရာ အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံ၏နောက်မျိုးဆက်သစ်များအတွက်၊ မြေယာအုပ်ချုပ်မှုကို ပုံဖော်နေသောအပြောင်းအလဲများသည် မိမိတို့ဘ၀ ရပ်တည်ရေး၊ မိမိတို့ကိုယ်တိုင်နှင့် မိသားစုများအား ကူညီပံ့ပိုးရေးနှင့် မိမိတို့ ရိုးရာဓလေ့များ ထိန်းသိမ်းရေးတို့အပေါ် သက်ရောက်မှုများစွာ ရှိသွားမည် ဖြစ်သည်။ အနာဂတ်မြေယာစီမံအုပ်ချုပ်မှုစနစ်များအတွက် အဆိုပါလူငယ်များသည် ယင်းအပြောင်းအလဲများ ဖော်ဆောင်ရေးအတွက် မည်ကဲ့သို့ ပါဝင်ပြီး ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်မည်နည်း။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ သောကြာနေ့တွင် မြေယာမဏ္ဍိုင်အဖွဲ့သည် မြန်မာ့လူငယ်နှင့် မြေယာအနာဂတ် – မြေယာမဏ္ဍိုင်အဖွဲ့၏လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သုတေသနစာတမ်းဖတ်ပွဲ (၂၀၁၈) တွင်မြန်မာနိုင်ငံ၏ အနာဂတ်မြေယာစီမံအုပ်ချုပ်ရေးအတွက် လူငယ်များ၏အခန်းကဏ္ဍကိုပြသသည့် အခမ်းအနားကျင်းပခဲ့ပါသည်။

ယင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ Excel Crystal Jade Restaurant တွင် ပြုလုပ်ခဲ့ပြီး ၎င်းကို မြေယာမဏ္ဍိုင်အဖွဲ့၏ ၂၀၁၈ ခုနှစ်၊ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းအခမ်းအနားအဖြစ် သမုတ်ခဲ့ပြီး အစီအစဉ်တွင် သုတေသနစာတမ်းများအား မိတ်ဆက်ပေးခြင်း၊ မှတ်တမ်းဗွီဒီယိုပြသခြင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း မြေယာမဏ္ဍိုင်အဖွဲ့၏ကူညီပံ့ပိုးမှုဖြင့် လုပ်ဆောင်ခဲ့သော အခြားအစီရင်ခံစာ (၂) စောင်ဖြစ်သည့် (၁) သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းမှ အစီရင်ခံစာနှင့် မြန်မာနိုင်ငံတဝှမ်း အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၀) ခုမှ ထုတ်ဝေသော အစီရင်ခံစာ တို့ကို မိတ်ဆက်ပေးသွားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် သုတေသနလုပ်ငန်းများကို မြေယာမဏ္ဍိုင်အဖွဲ့၏ အလှူရှင် LIFT Myanmar နှင့် The Swiss Agency for Development and Cooperation (SDC) တို့က ကူညီပံ့ပိုးပေးထားခြင်းဖြစ်သည်။

မြေယာမဏ္ဍိုင်အဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရွှေသိန်းက အနာဂတ်မြန်မာနိုင်ငံ၏မြေယာစီမံအုပ်ချုပ်မှုများတွင် လူငယ်များပါဝင်ရမည့်အခန်းကဏ္ဍများကို ပြောကြားခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ “လူငယ်တွေကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ကျွန်တော်တို့ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။ မြေယာနှင့်ပတ်သက်ပြီး ရေရှည်မျော်မှန်းချက်ထားရှိဖို့ လိုအပ်ပါသလို မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေး ပိုမိုခိုင်မာစွာနဲ့ မြေယာစီမံခန့်ခွဲမှုစနစ် အားကောင်းစေဖို့နှင့် ထိရောက်မှုရှိစေဖို့အတွက် လူငယ်တွေဆီမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားဖို့ လိုအပ်ပါတယ်။”

လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အရည်အသွေးကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ တက္ကသိုလ်မှ နိုင်ငံတကာအသိအမှတ်ပြု သုတေသနပညာရှင် ဒေါက်တာ ဖီးလစ်ဟစ်ချက်ရဲ့ဦးဆောင်မှုဖြင့် ပို့ချပေးသော နည်းပညာဆိုင်ရာ သင်တန်းများတွင် တွေ့ရှိနိုင်ပါသည်။ ဒေါက်တာဖီးလစ်က အရည်အသွေးပြည့်မှီသော သုတေသနပညာရှင်ဖြစ်လာစေရေးအတွက် လူငယ်များအား သင်တန်းပို့ချပေးခြင်းသည် အရေးကြီးကြောင်း မိမိ၏အမြင်ကို မျှဝေပေးသွားခဲ့သည်။ “ပြဿနာရဲ့အရင်းအမြစ်ကို နားမလည်ဘူးဆိုရင် ဒါကိုဖြေရှင်းဖို့ အသိပေးလှုံ့ဆော်စရာ နည်းလမ်းမရှိတော့ပါဘူး”

လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် မှတ်တမ်းဗွီဒီယိုပြသပြီးသည့်အခါတွင် သုတေသနအလုပ်သင်အဖွဲ့တစ်ခုချင်းစီမှ မိမိတို့ရေးသားခဲ့သော အစီရင်ခံစာနှင့်ပတ်သက်ပြီး အကျဉ်းချုပ် ရှင်းလင်တင်ပြမှု ပြုလုပ်သွားခဲ့ပါသည်။ အဖွဲ့တစ်ခုချင်းစီမှ အလုပ်သင်လူငယ်များသည် မြေယာမဏ္ဍိုင်အဖွဲ့၏ ရန်ကုန်ရုံးတွင် ရုံးထိုင်ကြပြီး မြေယာမဏ္ဍိုင်အဖွဲ့၏ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဆောင်ရွက်လျက်ရှိသော ဒေသရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်လည်း အတူတကွလက်တွဲဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လူငယ်များရေးသားထုတ်ဝေခဲ့သော အစီရင်ခံစာ (၃) ခုကို ကျွနု်ပ်တို့ဝက်ဆိုဒ်၏ “Resources” အောက်တွင် ရယူနိုင်ပါသည်။ ပထမအစီရင်ခံစာမှာ – “မြန်မာနိုင်ငံ သယံဇာတထုတ်ယူသုံးစွဲသည့် ပုဂ္ဂလိက ကုမ္ပဏီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု၊ မွန်ပြည်နယ်ရှိ ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်း၏ ဖြစ်ရပ်လေ့လာမှု”၊ ဒုတိယ အစီရင်ခံစာမှာ – “မြန်မာနိုင်ငံ မြေသိမ်းဆည်းခြင်း- ရှမ်းပြည်နယ်တောင်ပိုင်း မြေသိမ်းခံတောင်သူတို့ ထိခိုက်ခံရမှုနှင့် လျော်ကြေးဆိုင်ရာ အရှုပ်အထွေးများ” နှင့် တတိယအစီရင်ခံစာမှာ – “မြန်မာနိုင်ငံ အုပ်ချုပ်မှုရှုပ်ထွေးနေသော ဒေသအတွင်းရှိ ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်နှင့် လုံခြုံမှု၊ ကရင်ပြည်နယ်မှ ဖြစ်ရပ်လေ့လာမှု” တို့ ဖြစ်ကြပါသည်။

အခမ်းအနား၏အခြားဦးတည်ချက်တစ်ခုမှာ မြေယာမဏ္ဍိုင်အဖွဲ့၏ မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်း (၁၀) ခုမှ ရှင်းလင်းတင်ပြထားသကဲ့သို့ သုတေသနပြုလုပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာတွင် ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏အခန်းကဏ္ဍပင် ဖြစ်ပါသည်။ အဆိုပါအရပ်ဘက်လူမှုအဖွဲ့အစည်းများသည် မြေသိမ်းဆည်းမှု၊ မြန်မာနိုင်ငံတဝှမ်းရှိ ဒေသအသီးသီးမှ အသက်မွေးဝမ်းကျောင်းပြုလုပ်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှု၊ ကဏ္ဍပေါင်းစုံမှ ဆက်စပ်မှုရှိသူများထံ စစ်တမ်းကောက်ယူခြင်းနှင့် လူတွေ့မေးမြန်းမှုပြုလုပ်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ရရှိလာသောထူးခြားဖြစ်စဉ်များ စုစည်းခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားအား သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းမှ ဒေါက်တာ ငြိမ်းချမ်း၏ ရှင်းလင်းတင်ပြမှုတစ်ခုပြုလုပ်ခြင်းဖြင့် ရုတ်သိမ်းသွားခဲ့ပါသည်။ ဒေါက်တာငြိမ်းချမ်းသည် မိမိတို့၏ “မြန်မာနိုင်ငံ၏ မြေအသုံးချမှုနှင့် မြေယာပိုင်ဆိုင်မှုအပြောင်းအလဲ” အစီရင်ခံစာအပေါ် ခြုံငုံသုံးသပ်မှု ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ဒေသ (၃) ခုသည် မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အလွန်စိုးရိမ်စရာကောင်းသော အခြေအနေတွင် ရှိနေပါသည်။ အဆိုပါ အစီရင်ခံစာ၏ တွေ့ရှိချက်အရ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်ခွင့်ကို စည်းမျဉ်းတိုင်းတွင် လျော်ကြေးပေးဆောင်ရမည့် ယန္တရားဖြင့် အသိအမှတ်ပြုခြင်းတို့အပါအဝင် မူဝါဒနှင့် ဥပေ။များအတွက် အရေးကြီးသော အဆိုပြုတိုက်တွန်းချက်များစွာကို ဖော်ပြသွားခဲ့ပါသည်။ ၎င်းတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အများသိရှိအောင် အသိမြင်ဖွင့်ပေးရန် လိုအပ်ပါသည်။ ရှင်းလင်းတင်ပြမှုပြီးဆုံးသွားသည့်အခါတွင် အစီရင်ခံစာ၏ သိသာထင်ရှားသည့် တွေ့ရှိချက်များအပေါ် တက်ရောက်သူများက မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားပေးခြင်းများပြုလုပ်သွားခဲ့ပါသည်။

မြေပြင်သက်သေအခြေပြု သုတေသနပြုလုပ်ခြင်းသည် မြေယာနှင့်ပတ်သက်သည့် မူဝါဒများနှင့် ဥပဒေများ အသိပေးလှုံ့ဆော်မှုနှင့် ပြောင်းလဲမှုများပြုလုပ်ရန် အဓိကကျသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းပင်ဖြစ်ပါသည်။ အနာဂတ်အား မျော်ကြည့်ပါက၊ အဆိုပါအပြောင်းအလဲများအား မြန်မာ့လူငယ်များနှင့် ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဦးဆောင်မှု ပြုလုပ်သွားရမည် ဖြစ်ပါသည်။ ၎င်းနှင့်ပတ်သက်၍ မြေယာမဏ္ဍိုင်အဖွဲ့၏ လူငယ်များ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်နှင့် သုတေသန မိတ်ဖက် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ မြေယာစီမံအုပ်ချုပ်မှုလုပ်ငန်းတိုးတက်စေရေးအတွက် အောင်မြင်သည့်ရလဒ်များ ဖော်ဆောင်ရာတွင် လွှမ်းမိုးနိုင်စေရန် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဦးရွှေသိန်းမှ ပြောကြားထားသကဲ့သို့ “ကျွန်တော်တို့နိုင်ငံမှာ မြေယာကဏ္ဍနှင့်ပတ်သက်ပြီး လူသားအရင်းအမြစ်များ မွေးထုတ်ပေးဖို့ သင်တန်းကျောင်းတစ်ခုလိုအပ်လျက်ရှိပါတယ်။ ဒါမှ ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”